အမှုအတောအတွင်း တရားလိုသေဆုံးသွားသော်


အမှုအတောအတွင်း တရားလိုသေဆုံးသွားခဲ့သည်ရှိသော် ကျွန်တော်တို့ဘယ်လိုဆက်လုပ်ရမလည်း သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေကရော ဘာတွေရှိမလည်းလေ့လာရင်းနဲ့ ကျွန်တော့် သူငယ်ချင်းလည်းဖြစ် ဥပဒေလောကသားတစ်ယောက်လည်းဖြစ်တဲ့ ကိုထွဋ်ညီရဲ့ ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိပြီး အလွန်သဘောကျ သဖြင့် စာရှုသူ ပရိတ်သတ်များ ဖတ်စေချင်သော စေတနာများပေါ်ပေါက်လာကာ တင်ဆက်ပေးလိုက်ရပါသည်။
---------------------------------------------------------------------------

အမှုဟုဆိုရာတွင် ရာဇ၀တ်မှုနှင့် တရားမှုဟူ၍(၂)မျိူးရှိသည်။ တရားမမှုဆိုသည်မှာ ပြည်သူများအချင်းချင်းအငြင်းပွားမှု၊ ပုဂလပိုင်ဆိုင်မှု အငြင်းပွားမှုဟူ၍လည်းခေါ်တက်ကြသည်။ ရာဇ၀တ်မှုဆိုသည်မှာ အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်သော အမှုမျိူး၊ ပြည်သူတွေကြား စိုးရိမ်ထိတ်လန့်ဖြစ်ပွားစေတဲ့ အမှုမျိူးဟု လွယ်လင့်တကူခေါ်ကြသည်။

ရာဇ၀တ်မှု တရားစွဲဆိုပုံ၊ တရားမမှုတရားစွဲဆိုပုံများဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါ။ အမှုစတင်စွဲဆိုသည့်အချိန်မှစ၍ အမှုပြီးဆုံးသည်အထိ အမှုအတောအတွင်း ‌ဆောင်ရွက်ရသည့် အဆင့်တစ်ဆင့်ချင်းစီကပင် လွန်စွာအရေးကြီးသည်။ ထိုအဆင့်များထဲတွင် အမှုစွဲဆိုပြီးနောက် အမှုမပြီးပြတ်မီအချိန်အတွင်း အမှုသည်များသေဆုံးသွားသည့် အခန်းကဏ္ဍသည်လည်း အမှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါသည်။

ရာဇ၀တ်မှုများတွင် ရဲအရေးပိုင်သောအမှုနှင့် ရဲအရေးမပိုင်သော အမှုဟူ၍ နှစ်မျိူးနှစ်စားရှိပြီး ရဲအရေးပိုင်သော အမှုများကို သက်ဆိုင်ရာ ရဲစခန်းသို့ တရားလိုကိုယ်တိုင် သွားရောက်၍ ပထမသတင်းပေးတိုင်တန်းချက် (First Information Report)တိုင်တန်းအမှုဖွင့်ရသလို ရဲအရေးမပိုင်သော အမှုများကို ပြစ်မှုဖြစ်ပွားရာအရပ်ဒေသရှိ တရားရုံးသို့ တရားလိုကိုယ်တိုင် ဦးတိုက်လျှောက်လွှာနဲ့အတူ ဦးတိုက်လျှောက်ထားရသည်။(ရဲအရေးပိုင်သော အမှု၊ရဲအရေးမပိုင်သော အမှုခွဲခြားရန်မှာ ရာဇ၀တ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယားစာတိုင်(၂)ပါ အတိုင်းဖြစ်သည်။ ထိုသို့ ဖွင့်လှစ်၊ဦးတိုက်လျှောက်ထားပြီးနောက် တရားရုံးမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုကို ဆက်လက်ဆောင်ရွက်သွားသည်။

တရားမမှုများတွင် တရားလို(သို့မဟုတ်)တရားလိုများ၊တရားပြိုင်(သို့မဟုတ်)တရားပြိုင်များ သေဆုံးသွားလျှင် တရားမကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များအတိုင်း ကွယ်လွန်သူတရားလို (သို့မဟုတ်) တရားလိုများ၊ ကွယ်လွန်သူတရားပြိုင်(သို့မဟုတ်) တရားပြိုင်များ၏ တရား၀င်ကိုယ်စားလှယ်များအဖြစ် ပြဌာန်းဥပဒေပါ နည်းလမ်းအတိုင်း ထည့်သွင်းစွဲဆိုရပေသည်။ သို့မှသာလျှင် တရားမမှုကြီးတစ်ခုကို ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ရာဇ၀တ်မှုများတွင် တရားလိုကိုယ်တိုင်မှာ နိုင်ငံတော်သာဖြစ်သည်။ရဲအရေးပိုင်သော ရာဇ၀တ်မှုများတွင် အမှုအတောအတွင်းတရားလိုသေဆုံးသွားသော် နိုင်ငံတော်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သေယ အစိုးရရှေ့နေမှ အမှုကို ပြီးဆုံးအောင်လိုက်ပါဆောင်ရွက်နိုင်ပေသည်။

တရားလိုကိုယ်တိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားရသော ရဲအရေးမပိုင်သောရာဇ၀တ်မှုများတွင်မူ အမှုအတောအတွင်း တရားလိုသေဆုံးသွားသော် မည်သို့မည် ပုံ အမှုကိုဆက်လက်ဆောင်ရွက်သွားရမည်မှာ အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ရဲအရေးပိုင်သော ရာဇ၀တ်မှုမှာကဲ့သို့ အစိုးရရှေ့နေ(ဥပဒေအရာရှိ)က ဆက်လက်ဆောင်ရွက်ရမည်လော၊ တရားမမှုများမှာကဲ့သို့ တရား၀င်ကိုယ်စားလှယ် ထည့်သွင်းပြီး အမှုကို ဆက်လက်ဆောင်ရွက်မည်လောဆိုသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။

ထိုကဲ့သို့သော ရဲအရေးမပိုင်သော ရာဇ၀တ်မှု(ဦးတိုက်မှု)များတွင် တိုင်တန်းသူ တရားလိုသေဆုံးသွားသော်  အမှုကိုမည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို စီရင်ထုံးများက လမ်းညွှန်အဆိုပြုဆုံးဖြတ်ထားသည်ကို တွေ့ရသည်။

ဦးစိုးရပါ ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမတမြန်မာနိုင်ငံတော်၊၁၉၇၉၊မတစ၊စာ -၄၄တွင်
"တရားမမှုများတွင် တရားလိုကွယ်လွန်လျှင် တရား၀င်ကိုယ်စားလှယ်ထည့်သွင်းဆောင်ရွက်ခွင့်ရှိသော်လည်း ပြစ်မှုများတွင် ထိုသို့ပြဌာန်းချက်မရှိ။ ပုဒ်မ ၄၉၂အရ ပြစ်မှုဆိုင်ရာအမှုများတွင် တရားလိုသည် နိုင်ငံတော်ဖြစ်သောကြောင့် နိုင်ငံတော်ကိုယ်စားရုံးအမှုလိုက် ရဲအရာရှိ သို့မဟုတ် ဥပဒေ၀န်ထမ်းကသာ ဆောင်ရွက်ခွင့်ရှိသည်။ တရားရုံးသို့တိုက်ရိုက်လျှောက်ထားသော အမှုတွင် တရားလိုရှိနေလျှင် အကျိူးဆောင်ကိုယ်စားလှယ်လွှဲခြင်းများပြုလုပ်နိုင်သော်လည်း တရားလိုသေလျှင် ယင်းကိုယ်စားအမှုကို ဆက်လက်ဆောင်ရွက်ခွင့်မရှိပေ" ဟု ထုံးဖွဲ့ထားပါသည်

ထို့အပြင် ဦးလှဖေနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ -၄၊၁၉၉၃၊မတစ၊စာ-၁၈၅အမှုတွင်လည်း။
"တရားရုံးသို့တိုက်ရိုက်လျှောက်ထားသောအမှုများတွင် တိုင်တန်းသူတရားလိုရှိနေလျှင် အမှုကို ဆက်လက်ဆောင်ရွက်ခြင်း၊ အကျိူးဆောင်ကိုယ်စားလှယ်လွှဲခြင်းများပြုလုပ်နိုင်သော်လည်း ၎င်းသေဆုံးလျှင် ယင်းကိုယ်စားပုဂ္ဂိုလ်တစ်ဦးဦးက အမှုကိုဆက်လက်ဆောင်ရွက်ခွင့်မရှိ"ဟု ထုံးပြုထားပါသည်။

ထိုနည်းတူစွာ ကျော်သူမောင်နှင့် ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်၊၂၀၁၃၊မတစ၊စာ- ၉အမှုတွင်လည်း "ပြစ်မှုများတွင် ဥပဒေသဘောအရ တရားလိုသည် အစိုးရသာဖြစ်သဖြင့် တိုင်တန်းသူသေဆုံးသွားသော်လည်း အမှုရပ်ဆိုင်းသွားခြင်းမရှိသည်သာမက သေဆုံးသူကိုယ်စားအခြားသူတစ်ဦးကို တရားလိုအဖြစ်အစားထိုးရန်မလို။ ထိုသို့အစားထိုးရန် ဥပဒေပြဌာန်းချက်မရှိ။ အမှုကိုတရားရုံးက ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးရန်ဖြစ်သည်။ ဦးတိုက်လျှောက်ထားမှု၌ပင်လျှင် တိုင်လျှောက်သူတရားလို‌သေဆုံးပါက အမှုနှင့်သက်ဆိုင်သူ မည်သူ့ကိုမဆို တရားလိုအဖြစ်ဆောင်ရွက်သည့်သဘောမဟုတ်ဘဲ အမှုကိုတရားလိုဘက်မှ လိုက်ပါဆောင်ရွက်နိုင်ရန် မူလရုံးကခွင့်ပြုနိုင်သည်။ ၎င်းကရှေ့နေကိုယ်စားလှယ်စာပေးအပ်၍ လိုက်ပါဆောင်ရွက်ခွင့်ပြုခြင်းသည်လည်း ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၂၊၄၉၅ပါပြဌာန်းချက်နှင့် ညီညွတ်သည်။ မူလရုံးက တရားလိုသေဆုံး၍ အတူနေအစ်မအရင်းဖြစ်သူက တရားလိုဘက်မှ အမှုဆက်လက်ဆောင်ရွက်ခွင့်ပြုခြင်းမှာ တရားလိုကိုအစားထိုးရာမရောက်ဘဲ ပုဒ်မ ၄၉၂၊၄၉၅အရ တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ခွင့်ပြုခဲ့ခြင်းသာ ဖြစ်သည်"ဟု ထုံးဖွဲ့ထားပါသည်။

ထိုသို့အထက်ပါ စီရင်ထုံးလမ်းညွှန်ချက်များအရ တရားရုံးသို့ တိုက်ရိုက်လျှောက်ထားသော ဦးတိုက်မှုများတွင် အမှုအတောအတွင်း တရားလိုသေဆုံးသွားသော် တရားမမှုများမှာကဲ့သို့ တရား၀င်ကိုယ်စားလှယ်ထည့်သွင်းရန်မလိုအပ်သလို အမှုနှင့်သက်ဆိုင်သူ မည်သူကိုမဆို တရားလိုအဖြစ်ဆောင်ရွက်သည့်သဘောမဟုတ်ဘဲ အမှုကို တရားလိုဘက်မှလိုက်ပါဆောင်ရွက်နိုင်ရန် တရားရုံးကခွင့်ပြုနိုင်ကြောင်း စီရင်ထုံးလမ်းညွှန်ချက်များအရ လေ့လာသိရှိရပါသည်။


Comments