ရာဇဝတ်မှုဆိုင်ရာဦးတိုက်လျှောက်ထားမှု (သို့မဟုတ်) ရဲအရေးမပိုင်သောအမှုများ
ရာဇဝတ်မှုဆိုင်ရာဦးတိုက်လျှောက်ထားမှု
(သို့မဟုတ်) ရဲအရေးမပိုင်သောအမှုများ
============================================
ဦးတိုက်လျှောက်ထားခြင်းဆိုသည်မှာ တရားလိုမှ
တရားရုံးသို့တိုက်ရိုက်တိုင်လျှောက်ခြင်း ကိုဆိုလိုသည်။ ဦးတိုက်လျှောက်လွှာ (သို့မဟုတ်)
တိုင်လျှောက်လွှာ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄(၁)(ဇ)တွင် ဖွင့်ဆိုထားသည်။
ဥပမာအားဖြင့် အမှုတစ်ခုတွင် တရားလိုသည် ရဲစခန်းတွင် သွားရောက်တိုင်တန်းသောအခါ ထိုအမှုသည် ရဲအရေးမပိုင်သောအမှုဖြစ်နေပါက ရဲစခန်းမှ
ပုံစံ(က၊ခ)ဖြင့် သက်ဆိုင်ရာတရားရုံးသို့တရားလိုကိုယ်တိုင် တိုင်ကြားလျှောက်ထား ရန်ပြန်လည်လွှဲအပ်ပေးခြင်းကိုဆိုလိုသည်။
(ရဲအရေးပိုင်သောအမှု၊ရဲအရေးမပိုင်သောအမှု ဟုတ်/မဟုတ်ခွဲခြားရန်မှာ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား စာတိုင်-၂)ပါ အတိုင်းဖြစ်သည်။တိုင်ကြားချက်ကို
နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေပြုလုပ်နိုင်သည်။သို့သော်သံကြိုးစာဖြင့် တိုင်တန်း၍မရပါ(ယနေ့ခေတ်တွင်အသုံးပြုခြင်းမရှိတော့ပါ)။ (Hidayatu Llah Vs King-
Emp.AIR,1936 Pesh.66) စီရင်ထုံးတွင်မူ
“တိုင်တန်းလွှာကို စာဖြင့်တင်ရမည်။ သံကြိုးစာဖြင့်
အဝေးမှပေးပို့တိုင်ကြားချက်အပေါ် တိုင်ကြားသူအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၀အရ ချက်ချင်းစစ်ဆေးခြင်းမပြုနိုင်သဖြင့်
သံကြိုးစာဖြင့်တိုင်ကြားခြင်းကို လက်မခံနိုင်”ဟု ထုံးဖွဲ့ထားပါသည်။ ထိုသို့နှုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ
တိုင်ကြားချက် (သို့မဟုတ်) ဦးတိုက်လျှောက်ထားချက်ကို လက်ခံရရှိသော တရားရုံးသည် ရာဇဝတ်ကျင့်ထုံးဥပဒေအခန်း-(၁၆)တွင် ဖော်ပြထားသော ပုဒ်မ-၂၀၀၊၂၀၁၊၂၀၂၊၂၀၃တို့ပါ ပြဌာန်းချက်များဖြင့်
ဆက်လက်ဆောင်ရွက်ကြရသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၀၏ ဆိုလိုရင်းမှာ တိုင်တန်းသူကို တရားသူကြီးက
ကျမ်းသစ္စာကျိန်ဆိုခိုင်းပြီး ချက်ချင်းစစ်ဆေးပြီးနောက် ထိုထွက်ဆိုချက်များကို တိုင်တန်းသူ
တရား လိုနှင့် တရားသူကြီးတို့ကလက်မှတ်ရေးထိုးရသည်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၀ရဲ့ခြွင်းချက် အနေဖြင့် ပုဒ်မ-၁၉၂ အရ တရားသူကြီးတစ်ဦးဦးက မိမိလက်အောက်ရှိ တရားသူကြီးတစ်ဦးထံသို့ လွှဲပေးသည့်အမှုမျိူးတွင် ယင်းသို့အမှုကိုလွှဲအပ်သောတရားသူကြီးသည်
ပုဒ်မ-၂၀၀အရ စစ်ဆေး ပြီးဖြစ်ပါက
ထပ်မံစစ်ဆေးရန်မလိုပါ။ ပြည်သူ့ဝန်ထမ်းမှတိုင်ကြားသော ဦးတိုက်မှုမျိူးတွင်လည်း ထိုတိုင်တန်းသော
ပြည့်သူ့ဝန်ထမ်းအားပုဒ်မ ၂၀၀အရ စစ်ဆေးရန်မလိုပါ။ အချိူ့သောဦးတိုက်မှုများတွင် တရားလိုကိုယ်စား ငုင်း၏အခွင့်ရကိုယ်စားလှယ်က
တိုင်ကြား လျှောက်ထားခြင်းမျိူးရှိတက်သည်။ ထိုကဲ့သို့သောအမှုမျိူးတွင် တရားလိုကိုယ်တိုင်ရှိပါက
တရားလို၏အထွေထွေ ကိုယ်စားလှယ်စာရသူအနေဖြင့်
ဦးတိုက်လျှောက်ထားခွင့်သာရှိပြီး တရားလိုကိုယ်စားသက်သေခံခွင့်မရှိဟု အောင်မောင်လင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ-၂၊
၁၉၈၁၊မတစ၊ဗဟိုတရားရုံး၊စာ-၄၀
အမှုတွင်ဆုံးဖြတ် ထားပါသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၁၏ ဆိုလိုရင်းမှာ ဦးတိုက်လျှောက်လွှာ လက်ခံရရှိသောတရားသူကြီး သည် ၎င်းအမှုကိုစီရင်ပိုင်ခွင့်မရှိပါက ယင်းဦးတိုက်လျှောက်လွှာတွင်
စီရင်ပိုင်ခွင့်ရှိသောရုံးသို့တင်သွင်းရန် ထပ်ဆင့်လက်မှတ်ရေးထိုးပြီး တိုင်လျှောက်လွှာကို
ပြန်ပေးရမည်။အကယ်၍တိုင်လျှောက်လွှာ မပါသောအမှုမျိူး ဆိုလျှင် စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့သွားရန်
ညွှန်ကြားရမည်။တစ်နည်းဆိုရသော် မိမိအမှုသည် မည်သည့်မြို့နယ်၊ခရိုင်၊ တိုင်းအတွင်းတွင်ရှိသော
မည်သည့်တရားရုံး၏ စီရင်ပိုင်ခွင့်အတွင်းကျရောက်နေကြောင်း သိရှိနေရမည်ဖြစ်ပြီး မလိုလားအပ် သော နှောင့်နှေးကြန့်ကြာမှုများကိုလည်း မဖြစ်ပေါ်စေရာရောက်ပါသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၁၏၏ဆိုလိုရင်းမှာ တရားသူကြီးသည် ၎င်းစီရင်ပိုင်ခွင့်ရှိသော
ရာဇဝတ် တိုင်လျှောက်မှုကိုလက်ခံရရှိသောအခါ
(သို့မဟုတ်) ပုဒ်မ-၁၉၂အရ
အမှုကိုလက်ခံရရှိတဲ့အခါမှာ တရားခံကိုဆင့် စာမထုတ်သေးပဲ
အကျိူးအကြောင်းရေးမှတ်ပြီး မိမိကိုယ်တိုင်(သို့)မိမိလက်အောက်တရားသူကြီးတစ်ဦးဦး(သို့)
ရဲအရာရှိထံအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း ဖြစ်ပါသည်။
ဦးတိုက်လျှောက်သောရာဇဝတ်မှုများတွင် ရှေးဦးစွာစိစစ်ပြီးမှ
လိုအပ်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂အရ ပဏာမစစ်ဆေးရန်အတွက် ရဲသို့လွှဲပြောင်းပေးရန်ဖြစ်သည်။
(တရားရုံးချူပ်၏ ၄-၇-၆၆ ရက်စွဲပါ ညွှန်ကြားလွှာအမှတ် ၃/၆၆မှုခင်းများကို ကြန့်ကြာမှုစစ်ဆေးရန်ကိစ္စ)
ရာဇတ်ကျင့်ထုံးဥပဒေပုဒ်မ-၂၀၃အရ အထက်တွင်ဖော်ပြထားချက်အတိုင်း ပုဒ်မ-၂၀၂အရ စုံစမ်းစစ်ဆေးချက်များအရ အမှုကိုဆက်လက်စစ်ဆေးရန်အကြောင်းမှာ
အခြေအမြစ်မရှိ၊ မခိုင်မာဖြစ်နေပါက တိုင်လျှောက်မှုကိုပလပ်ပြီး မည်သည့်အကြောင်းကြောင့်ပလပ်ရကြောင်း
အကျဉ်းချူပ်ရေးမှတ်ရမည်ဖြစ်သည်။ ပုဒ်မ-၂၀၃အရ
ပလပ်ခြင်းဟုဆိုရာဝယ် အမှုကိုပလပ်ခြင်းမဟုတ်ဘဲ တိုင်လျှောက်ချက်ကိုသာ ပလက်ခြင်းဖြစ် သဖြင့် နောက်တစ်ကြိမ်သက်သေစုဆောင်း၍ ပြန်လည်တိုင်လျှောက်ခွင့်ရှိသည်ဟု ဦးဘန်တိတ်(ခ)ဦးဘိုခနှင့်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ -၂၊ ၁၉၉၈၊ ရာဇဝတ်အထွေထွေအမှု၊ အထူးအယူခံမှုအမှတ် ၁၀၁တွင်
ဆုံးဖြတ်ထားပါသည်။
အထက်တွင်ဖော်ပြထားသည့် ပြဌာန်းချက်များနှင့်စီရင်ထုံးများမှာ
ဦးတိုက်မှု၏ သဘောသဘာဝကို ဖော်ပြထားခြင်းဖြစ်ပါသည်။
ယခုဖော်ပြမည့်ပြဌာန်းချက်များမှာ ဦးတိုက်မှုတစ်ခုစတင်စွဲဆိုတော့မည်ဆိုလျှင်
အထူးယှဉ် တွဲသတိပြုရမည့် ဥပဒေပြဌာန်းချက်များပင်ဖြစ်သည်။
ဦးစွာပထမအားဖြင့် ဦးတိုက်မှုတစ်ခုစွဲဆိုတော့မည်ဆိုလျှင်
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၅(၁)(က)၊ (ခ)၊ (ဂ) တို့၏ အရေးကြီးပုံကို ဖော်ပြပါမည်။
ပြည်သူ့ဝန်ထမ်းတို့၏ဥပဒေအရ
အခွင့်အာဏာကို မထီလေးစားပြုမှုအတွက် တရားစွဲဆိုခြင်း။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ
၁၉၅(၁) မည်သည့်တရားရုံးကမျှ-
(က) ရာဇသတ်ကြီးပုဒ်မ
၁၇၂ မှ ၁၈၈အထိပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာ ကိုသက်ဆိုင်ရာ ပြည့်သူ့ဝန်ထမ်း၏ သို့မဟုတ် ၎င်း၏အထက်ပြည်သူ့ဝန်ထမ်း၏စာဖြင့်ရေးသား တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ။
ဆိုလိုသည့်သဘောမှာ ပုဒ်မ-၁၉၅(၁)(က)မှာ ရာဇသတ်ကြီးပါ ပုဒ်မ ၁၇၂မှ
ပုဒ်မ ၁၈၈အထိ ပြစ်မှုတစ်ခုကိုသက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်း သို့မဟုတ် ၎င်းဝန်ထမ်း၏အထက်အရာရှိ၏တိုင်ကြား
စာမရှိလျှင် အရေးမယူရဟု ဆိုလိုခြင်းဖြစ်သည်။
ထိုမူသဘောကို စီရင်ထုံးများက ပို၍ရှင်းလင်းနားလည်အောင်ဖွင့်ဆိုပြထားသည်။
ဦးဉာဏ်ပါ-၂ နှင့် ဦးမောင်မောင်ကြီး၊ ၁၉၈၁၊ မတစ၊ စာ -၄၀အမှုတွင်-
ပုဒ်မ ၁၉၅(၁)(က)အရ ရာဇသတ်ကြီးပုဒ်မ ၁၈၂ဖြင့်
တရားစွဲလျှင် သက်ဆိုင်ရာပြည်သူ့ဝန် ထမ်းနှင့် အထက်အရာရှိကလည်းကောင်း၊ ပုဒ်မ-၁၉၅(၁)(ခ)အရ ရာဇသတ်ကြီးပုဒ်မ-၂၁၁ဖြင့်စွဲလျှင် သက်ဆိုင်ရာ တရားသူကြီးနှင့် အထက်အဆင့်တရားသူကြီးကလည်းကောင်း တိုင်တန်းစာလိုပြီး ဤသို့မဟုတ်လျှင် အရေးမယူရဟုတားမြစ်ထားသည်။
ဤအမှုတွင် ဖော်ပြပါအတိုင်း တိုင်တန်းချက်မရှိဘဲ
ပုဒ်မ ၁၈၂၊ ၂၁၁ဖြင့် စွဲဆိုမှုကိုလက်ခံအရေးယူခြင်းသည် ဥပဒေနှင့် ဆန့်ကျင် သည်ဟုလည်းကောင်း၊
ဦးအေးကိုနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ
-၂၊ ၁၉၉၃ခုနှစ်၊ မတစ၊စာ -၂၃၂အမှုတွင် လည်း-
“မြေထဲမြို့နယ် ဥပဒေအရာရှိနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က
တရားခံဘက်မှ လာဘ်စားသည် ဟုဆိုကာ အရေးယူပေးရန် အထက်အာဏာပိုင်အဖွဲ့အစည်းသို့တိုင်တန်းမှုကို
အဖွဲ့ဖွဲ့၍စစ်ဆေးသည့်အခါ တိုင်ကြားချက် မမှန်သဖြင့်
တိုင်ကြားသူဦးအေးကိုအား ရာဇသတ်ကြီးပုဒ်မ-၁၈၂အရ
အရေးယူမှုဖြစ်သည်။ ပုဒ်မ-၁၉၅(၁)(က)အရ
ပုဒ်မ-၁၇၂မှ၁၈၈အထိ ပြစ်မှုတစ်ခုကို
ပြည်သူ့ဝန်ထမ်း၏ (သို့မဟုတ်) အထက်အရာရှိ၏တိုင်ချက်မရှိဘဲ အရေးမယူရဟု
ပြဌာန်းထားသည်။ဤအမှုတွင် ရဲစခန်းမှူး တရားလိုသို့ တိုင်ကြားစာတင်ခြင်းမဟုတ်ဘဲ ရဲစခန်း မှူးက ရဲအရေးမပိုင်မှုအဖြစ် လက်ခံဆောင်ရွက်ခြင်းမှာဥပဒေနှင့်မညီသဖြင့်
ပုဒ်မ-၅၆၁(က) အရချေဖျက်လိုက် သည်ဟုလည်းကောင်း
အသီးသီးစီရင်ထုံးဖွဲ့ထားပါသည်။
ထိုသို့ပုဒ်မ-၁၉၅(၁)(က)တွင်ပါဝင်သော စာဖြင့်ရေးသားတိုင်တန်းချက် ပြုလုပ်နိုင်သူမှာမည်သူဖြစ်သည် ကို ပို၍တိတိကျကျရှင်းလင်းသိရှိနိုင်စေရန်
“ဒေါ်ခင်မာရီပါ -၃ နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ပါ
-၂၊ ရာဇဝတ်ပြင်ဆင်မှု၊ စာ -၁ တွင် စီရင်ထုံးဖွဲ့ထားသည်မှာ -
“ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၉၅(၁)(က)ပါပြဌာန်းချက်အရ စုံစမ်းစစ်ဆေးခံရသူ
မြို့နယ်အမှုဆောင် အရာရှိသည်
သတင်းပေးတိုင်လျှောက်လွှာ ရေးသားတင်သွင်းနိုင်သည့်
သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းမဟုတ်ဘဲ နစ်နာသူ ပြည်သူ့ဝန်ထမ်းသာဖြစ်သည်ဟု”
စီရင်ထုံးဖွဲ့ထားပါသည်။
ဖြောင့်မှန်စွာတရားစီရင်ရေးကို
ထိပါးသည့်အချိူ့သောပြစ်မှုများအတွက် တရားစွဲဆိုခြင်း။
ပုဒ်မ-၁၉၅(၁)(ခ)တွင်လည်း ရာဇသတ်ကြီးပုဒ်မ
၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၉၊ ၂၀၀၊ ၂၀၅၊ ၂၀၆၊ ၂၀၇၊ ၂၀၈၊ ၂၀၉၊ ၂၁၀၊ ၂၁၁ နှင့်၂၂၈တို့အရ
ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို တရားရုံးတစ်ရုံးက ဆောင်ရွက်သည့် မှုခင်းတစ်စုံတစ်ရာတွင် (သို့မဟုတ်) ထိုမှုခင်းနှင့်စပ်လျဉ်း၍ ကျူးလွန်သည်ဟု စွပ်စွဲချက်ရှိသော အခါ အဆိုပါတရားရုံး၏ (သို့မဟုတ်) အဆိုပါတရားရုံး၏အထက်တရားရုံး (ထိုရုံးထက်မြင့်သောရုံး) ၏စာဖြင့် ရေးသားတိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ။
ဆိုလိုသည့်သဘောမှာ ပုဒ်မ-၁၉၅(ခ)တွင် သတ်မှတ်ထားသော ရာဇသတ်ကြီးပါ
ပုဒ်မ တစ်ခုခုအရ ပြစ်မှုကိုသက်ဆိုင်ရာတရားရုံး (သို့မဟုတ်) ၎င်းရုံး၏အထက်တရားရုံး၏ တိုင်ကြားစာမရှိလျှင်အရေးမယူရဟု ပြ ဌာန်းချက်ဖြစ်သည်။ ပုဒ်မ-၁၉၅(ခ)တွင် သတ်မှတ်ထားသော ရာဇသတ်ကြီးပါပုဒ်မများကို
ဦးစွာနားလည်အောင် ဖတ်သင့်ပါသည်။ သို့မှသာလျှင် ပုဒ်မ-၁၉၅(၁)(ခ)ပါ ပြဌာန်းချက်ကို ကောင်းစွာသဘောပေါက်မည်ဖြစ်သည်။
ထိုပုဒ်မ-၁၉၅(၁)(ခ)၏ ပြဌာန်းချက်အရဆိုလျှင် ပြစ်မှုတစ်စုံတစ်ရာကို
တရားရုံးတစ်ရုံးက ဆောင်ရွက် သည့် မှုခင်းတစ်စုံတစ်ရာ (သို့မဟုတ်)
ထိုမှုခင်းနှင့်စပ်လျဉ်း၍ ကျူးလွန်သည်ဟုစွပ်စွဲ ချက်ရှိသောအခါဟု ဆိုထားခြင်းကြောင့် မှုခင်းတစ်စုံတစ်ရာဆိုသည်မှာ တရားရုံးကဆောင်ရွက်သည့်မှုခင်းမျိူး
(သို့) တရားရုံးရှေ့မှောက် ရှိမှုခင်းမျိူး ဖြစ်ရမည်ဟုဆိုလိုသည်။
ထိုသို့ တရားရုံးကဆောင်ရွက်သည့်မှုခင်းမျိူး
(သို့) တရားရုံးရှေ့မှောက်ရှိမှုခင်းမျိူး မဟုတ်ဘဲ
ရဲစခန်းတွင် မမှန်တိုင်ကြားခြင်းကြောင့်
ရာဇသတ်ကြီးပုဒ်မ-၂၁၁အရ
စွဲဆိုမှုတွင် နစ်နာသူကပုဒ်မ-၁၉၅(၁)(ခ)အရ
တရားသူကြီး၏ တရားစွဲဆိုခွင့်မလိုဟု King–Emperor Vs Sheik Ahmed .1911,Vol. V, BLT,129 အမှုတွင်လည်းကောင်း၊ ထိုသို့တရားရုံးကဆောင်ရွက်စွဲဆိုထားသော
အမှုနှင့်ပတ်သက်၍ စွဲဆိုခြင်းမဟုတ်ပါက ထိုပုဒ်မ-၁၉၅(၁)(ခ)နှင့်မသက်ဆိုင်ဘဲ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ပုဒ်မ-၂၁၁အရ အရေးယူတိုင် တန်းခွင့်ရှိသည်ဟု
ကိုထွန်းပေါ်ပါ ၅ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ -၂၊ ၁၉၉၆၊ မတစ၊စာ -၉၀
တွင်လည်းကောင်း၊
ထိုနည်းတူ နိုင်ငံတော်သမ္မတနှင့် မြို့နယ်အုပ်ချူပ်ရေးမှူးထံသို့ မမှန်မကန်စွပ်စွဲ တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ-၂၁၁အရ ဦးတိုက်စွဲဆိုသောအမှုငသည် ကျင့်ထုံးပုဒ်မ-၁၉၅(၁)(ခ)တွင် ဖော်ပြထားသော ပြစ်မှုအမျိူးအစားတွင် အကျူံးမဝင်ကြောင်းကို
ဦးကျော်ဟန် နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ပါ -၂၊ ၂၀၁၄၊ မတစ၊စာ -၁တွင်
ထုံးဖွဲ့ထားပါသည်။
သက်သေခံအဖြစ်တင်ပြသည့်
စာတမ်းအမှတ်အသားများနှင့် စပ်လျဉ်း၍ ကျူးလွန်သည့်ပြစ်မှုအချိူ့ အတွက် ရာဇဝတ်မှုစွဲဆိုခြင်း။
ပုဒ်မ-၁၉၅(၁)(ဂ) ရာဇသတ်ကြီးပုဒ်မ-၄၆၃တွင်ဖော်ပြသော
(သို့မဟုတ်) ပုဒ်မ-၄၇၁၊၄၇၅၊၄၇၆အရ ပြစ်ဒဏ်စီရင် ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို တရားရုံးတစ်ရုံးတွင်
အမှုဆိုင်နေရသည့် အမှုသည်တစ်ဦးဦးက အဆိုပါအမှုတွင်တင်ပြသော
(သို့မဟုတ်) သက်သေခံချက်ပေးသော စာတမ်း အမှတ်အသားတစ်ခုနှင့်
စပ်လျဉ်း၍ ကျုူးလွန်ခဲ့သည်ဟုစွပ်စွဲသည့်အခါ အဆိုပါတရားရုံး (သို့မဟုတ်) ယင်းတရားရုံး၏ အထက်တရားရုံးက စာဖြင့် ရေးသား တိုင်တန်းချက်အရမဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ။
ဆိုလိုသည်မှာ ပုဒ်မ-၁၉၅(၁)(ဂ)တွင် သတ်မှတ်ထားသော ရာဇသတ်ကြီးပါ
ပုဒ်မတစ်ခုခုအရ ပြစ်မှုကို သက်ဆိုင်ရာတရားရုံး
(သို့မဟုတ်) ၎င်း၏အထက်တရားရုံး၏ တိုင်ကြားစာမရှိလျှင် အရေးမယူရဟု ပြဌာန်းထား ခြင်းဖြစ်သည်။
ဒေါ်ကြည်နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်(ဦးသူတော်)၊
၁၉၇၈၊ မတစ၊စာ -၁၂တွင်
“ပုဒ်မ-၁၉၅(၁)(ဂ)တွင် ပုဒ်မ-၄၆၃၊၄၇၁၊၄၇၅၊၄၇၆အရ စွဲဆိုလာသောအမှုများကို တရားရုံး၏ရေးသား တိုင်တန်းချက်ရှိမှသာ အရေးယူရမည်ဟုပြဌာန်းထားသည်။
အမှုတွင် ရုံးသို့တင်သွင်းသော
စာချူပ်မှာ မရိုးမသားမမှန်မကန်သဖြင့် တရားစွဲဆိုခွင့်ပြုသည်ဆိုသည့် စာတမ်းတွင် ကျေးရွာအုပ်စုတရားရုံးဥက္ကဌနှင့် အဖွဲ့ဝင်-၂ဦးတို့၏ ရက်စွဲမပါသောလက်မှတ်ထိုးထားသည့် စာဖြစ်သဖြင့်
တရားရုံး၏စာဖြင့် တိုင်ကြားချက် မဟုတ်ဟု
စီရင်ဆုံးဖြတ်ထားပါသည်။
ထိုပုဒ်မ-၁၉၅(၁)(က)၊(ခ)၊(ဂ)
တို့သည်လည်း ဦးတိုက်မှုတစ်ခုစွဲဆိုရာတွင် လွန်စွာအရေးကြီးသလို ကျင့်ထုံးပုဒ်မ-၁၉၉သည်လည်း လွန်စွာအရေးကြီးသည်။
ကျင့်ထုံးပုဒ်မ-၁၉၉မှာ မယားခိုးမှု (သို့မဟုတ်) လင်ရှိမယားကိုသွေးဆောင်မှုအတွက် တရားစွဲဆိုခြင်းများ နှင့်သက်ဆိုင်သည်။ ထိုပုဒ်မ၏ ဆိုလိုရင်းသဘောမှာ
ရာဇသတ်ကြီးပုဒ်မ-၄၉၇အရ
မယားခိုးမှုနှင့် ပုဒ်မ-၄၉၈အရ
လင်ရှိမယားသွေးဆောင်မှုကို လင်ယောက်ျား၏တိုင်တန်းချက်အရမဟုတ်လျှင်
(သို့မဟုတ်) လင်ယောက်ျား မရှိခိုက်ပြစ်မှုကျူးလွန်ချိန်တွင် အဆိုပါအမျိူးသမီးကို
ထိုလင်ယောက်ျား၏ကိုယ်စားစောင့်ရှောက်သူ
အခြားသူ တစ်ဦးဦးက တရားရုံးတော်ခွင့်ပြုချက်ဖြင့်
တိုင်တန်းချက်အရမဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးမယူရဟု တားမြစ်ချက်ဖြစ်သည်။ သို့ရာတွင် အဆိုပါလင်ယောက်ျားသည် အသက် (၁၈)နှစ်အောက် (သို့) ဝမ်းတွင်းရူး
(သို့) ရူးသွပ်သူဖြစ်လျှင် (သို့မဟုတ်) ဖျားနာခြင်းကြောင့်ဖြစ်စေ၊ မစွမ်းမသန်ခြင်းကြောင့်ဖြစ်စေ
တိုင်တန်း ချက်မပြုလုပ်နိုင်လျှင် အခြားသူတစ်ဦးက ရုံး၏ခွင့်ပြုချက်ဖြင့် ကိုယ်စားစွဲဆိုနိုင်ကြောင်း
ပြဌာန်းချက် ဖြစ်သည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၇ သို့မဟုတ်
၄၉၈တို့ကို တရားစွဲဆိုရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၉ပြဌာန်းချက်နှင့်
ညီညွတ်ခြင်းမရှိပါက အမှုမှာ ကနဦးကပင် ပျက်ပြယ်ကြောင်းကို “မောင်စံရွှေမြင့် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ
-၂၊၂၀၁၄၊ မတစ၊ စာ -၂၀အမှုတွင် စီရင်ထုံးဖွဲ့ထားသည်။
Student Legal Enlightenment
Window



Comments
Post a Comment