မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်လက်ထပ်တယ်ဆိုတာဘာလဲ
ဥပဒေ ဝေါဟာရများသည် ကျယ်ပြန့်သောကြောင့် စာဖတ်သူတို့ ဖတ်ရရှင်းစေရန်သာ ရေးသားပေးမှာဖြစ်ပါတယ်။ ရှေးခေတ် မြန်မာဘုရင်များလက်ထက်တည်းက ဘုရင်တွေ ရဟန်းပညာရှိ၊လူပညာရှိ တွေက ပြုစုခဲ့တဲ့ ရာဇသတ်၊ ဓမ္မသတ်တွေပြုလုပ်ပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတို့အဖို့ ထိမ်းမြားလက်ထပ်ရေး၊အမွေဆက်ခံရေး နှင့် အမွေခွဲဝေရေး စတဲ့ကိစ္စတွေကိုဆောင်ရွက်ရာမှာအသုံးပြုရန်ရည်ရွယ်ပြီး ယခု"မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ"ကိုပြဌာန်းထားတာဖြစ်ပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနည်းတူ အခြားဘာသာဝင်များဖြစ်သော ခရစ်ယာန်၊အစ္စလမ်၊ ဟိန္ဒူ စသောဓလေ့ထုံးတမ်းဥပဒေအသီးသီးတို့ကို သက်ဆိုင်ရာ လူမျိုးစုများအတွက်အသုံးပြုရပါတယ်။
မြန်မာဗုဒ္ဓဘာသာဝင်များ
တရားဝင်ဘယ်လိုလက်ထပ်မလဲ... ?
တရားဝင်လင်မယားဖြစ်ရန်လိုအပ်ချက်(၆)ချက်ရှိပါတယ်
၁။ ယောက်ျားသည် အိမ်ထောင်ပြုရန်အတွက် ကျန်းမာသန်စွမ်းရမည်။
၂။ မိန်းမသည် မုဆိုးမ သို့မဟုတ် ၊ တစ်ခုလပ် တစ်လင်ကွာမဟုတ်လျှင် အသက် ၂၀ ပြည့်ရမည်။ အသက် ၂၀မပြည့်သေးလျှင် မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူညီချက်ပါရှိရ မည်။
၃။ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ရန် ရည်ရွည်၍ နှစ်ဦးသဘောတူ လွှတ်လပ်သော ဆန္ဒပါရှိရမည်။
၄။ နှစ်ဦးစလုံးသည် စိတ်ပေါ့သွပ်သူ(ရူးသွပ်နေသူ)များ မဖြစ်စေရ။
၅။ မိန်းမမှာ မပြတ်စဲသော တရားဝင်လင်ယောက်ျား မရှိစေရ။
၆။ အထင်အရှား ထိမ်းမြားလက်ထပ်မှု တစ်စုံတစ်ခု မပြုခဲ့လျှင် လင်မယားဖြစ်ကြောင်း လူသိထင်ရှား ပေါင်းသင်နေထိုင်မှုရှိရမည်။
ထိုသို့ အချက် (၆) ချက်ကို ပြန်လည်သုံးသပ်ကြည့်လျှင် လက်ထပ်ရန်အတွက် ယောက်ျားလေး၏ အသက်ကိုကန့်သတ်ထားခြင်းမရှိပဲ ခန္ဓာကိုယ်ကျန်းမာမှု သန်စွမ်းမှုကိုသာ အဓိကထားဖော်ပြထားသည်။အပျိုစင်မိန်းကလေး၏အသက်သည် အသက် ၂၀ အထိကန့်သတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ရှေးယခင်က မြန်မာအမျိုးသ္မီးများ၏ ကာယိန္ဒြေကို တန်ဖိုးထားကြောင်း ထင်ဟပ်စေသည်။ ထို့ပြင် ထိမ်းမြားရန်အခမ်းအနားမလိုပဲ လူသိထင်ရှားပေါင်းသင်းခြင်းကသာ အဓိက ဖြစ်သည်ကိုတွေ့နိုင်သည်။
တရားဝင်ကွာရှင်းတယ်ဆိုတာရောဘာလဲ?
ကွာရှင်းခြင်းနည်းများ
၁။ နှစ်ဦးသဘောတူကွာရှင်းခြင်း
၂။ လင်ဖြစ်သူ ရဟန်းပြုခြင်း
၃။ အိမ်ထောင်ရေး ပြစ်မှုကြောင့်ကွာရှင်းခြင်း
အိမ်ထောင်ရေးပြစ်မှုတွင်
(က)ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု နှင့်
(ခ )သာမန်အိမ်ထောင်ရေးပြစ်မှု
ဟူ၍ ထပ်မံခွဲခြားထားသည်။
ကြီးလေးသော အိမ်ထောင်ရေးပြစ်မှု
၁။မယား၏ ဖောက်ပြန်မှု
၂။ကြီးလေးသောရက်စက်မှု
သာမန် အိမ်ထောင်ရေးပြစ်မှု
၁။ရက်စက်မှု
၂။လင်၏ဖောက်ပြန်မှု
၃။ဒုတိယမယားယူမှု
၄။စွန့်ပစ်မှု
၅။လီဆယ်မှု
အဖြစ်များတဲ့ ကွားရှင်းနည်းများ
နှစ်ဦးသဘောတူကွာရှင်းခြင်း
ဒါကတော့ရှင်းပါတယ် လက်ထပ်စဉ်က နှစ်ဦးသဘောတူ လွတ်လပ်တဲ့ ဆန္ဒနဲ့လက်ထပ်ခဲ့တာ ဖြစ်လို့ ကွာမယ်ဆိုရင်လည်း နှစ်ဦးသဘောတူ လွတ်လပ်တဲ့ ဆန္ဒနဲ့ ကွာရှင်းတဲ့ နည်းတစ်မျိုးပါ။
လင်ဖြစ်သူရဟန်းပြုခြင်း
ရဟန်းပြုတယ်ဆိုတဲ့ နေရာမှာ ရက်အပိုင်းအခြားမျှ ရဟန်းပြုသည့် ဒုလ္လဘရဟန်းပြုခြင်းမျိုးဆိုရင်တော့ ကွာရှင်းပြတ်စဲခြင်းမဖြစ်ပါဘူး။လင်ဖြစ်သူက သာသနာ့ဘောင်ကို အပြီးအပိုင်ကူးသွားမှ လင်ခန်းမယားခန်း ပြတ်စဲတာပါ။
ရက်စက်မှု
ရက်စက်မှုဆိုတာကတော့ ပုံစံအမျိုးမျိုးရှိနိုင်ပီး ဒီလိုပုံတွေထဲမှာ တချို့စိတ်ဒုက္ခရောက်အောင်လုပ်ခြင်းတွေက ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းထက်ပိုပြီး ခံစားရတာတွေရှိပါတယ်။ဒါ့ကြောင့် စိတ်ဆင်းရဲအောင်လုပ်တာ၊ စိတ်ဒုက္ခရောက် အောင်လုပ်တာဟာလည်း ရက်စက်မှုဖြစ်လို့ ကွာရှင်းခွင့်တောင်းလို့ရပါတယ်။
စွန့်ပစ်မှု
ဒါကတော့ အရပ်မှာ လူပြောများနေတဲ့ ကိစ္စတစ်ခုပါ။ ဒီမှာတော့ လင်ဖြစ်သူက မယားကိုစွန့်ပစ်ရင် ၃နှစ်။မယားဖြစ်သူက လင်ကို စွန့်ပစ်ရင်တစ်နှစ်။ ဒီကာလအထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်မှု လုံးဝ ကင်းရှင်းနေရပါမယ်။ ဒီလိုနေမယ်ဆိုရင်တောင် တရားဝင်ကွာတာမဟုတ်သေးပါဘူး ။ စွန့်ပစ်ခံရသူက ကွာလိုကကွာခွင့်ရှိတာပါ။ စွန့်ပစ်ခံရသူက အမှတ်မရှိ ပြန်လက်ခံလိုက်ရင် လင်မယားပြန်ဖြစ်ပါတယ်။လင်ဖြစ်သူထောင်ကျနေတဲ့အချိန်ဟာ ဘယ်နှနှစ်ပဲဖြစ်ဖြစ် ဒါဟာစွန့်ပစ်ရာမရောက်ပါဘူး။
ဒီလိုကွာရှင်းခွင့်တွေအပြင် ဂြိုလ်ပြေနံပြေကွာရှင်းတယ် ဆိုတာလည်းရှိပါတယ် ။ ဒါကတော့ အိမ်ထောင်ရေး အဆင်ပြေအောင် ဗေဒင် ယတြာတွေအရ ကွာတာဖြစ်ပြီး ဟန်ဆောင်ကွာတာပဲဖြစ်လို့ လင်ခန်းမယားခန်း တကယ်မပြတ်စဲပါဘူး။ ပြီးတော့ နောက်တစ်ချက်ကတော့ အကြောင်းမဲ့ကွာလို့မရပါဘူး။
ဟုတ်ပါတယ် လင်မယားနှစ်ဦးက ဘာအကြောင်းမှမရှိဘဲ အကြောင်းမဲ့တော့ကွာလို့မရပါဘူး။ဒီလောက်ဆို မိတ်ဆွေတို့ အနည်းအကျဉ်းလောက် နားလည်မယ်လို့ထင်ပါတယ် ။ ဒါလေးတွေဖတ်လို့ မိတ်ဆွေတို့အတွက် ဥပဒေဆိုင်ရာဗဟုသုတ တိုးလာတယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်။
🍂🍂🍂 BBKW



Comments
Post a Comment